(၆၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးကတင်သွင်းမည့် အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ လေ့လာတွေ့ရှိချက်များ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ     ၃   ရက်

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ တင်သွင်း မည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာ (A/HRC/63/21)သည် အတိုက်အခံအဖွဲ့များနှင့်၎င်းနှင့်ဆက်နွှယ်သောလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံရေးပုံဖော်မှုများကို ကုလသမဂ္ဂစာရွက်စာတမ်းအဖြစ် အသွင်ပြောင်းထားခြင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံအနေဖြင့် ရှုမြင်သည်။ အစီရင်ခံစာသည် သတင်းအချက်အလက်များကို သက်ဆိုင်ရာ စံနှုန်းများနှင့်အညီ စိစစ်အတည်ပြုရေးတွင် ကန့်သတ်ချက်များရှိသည်ကို ဝန်ခံထားပြီး၊ “ယုံကြည် စိတ်ချရသောသတင်းရင်းမြစ်များ” ဟု ၎င်းကသတ်မှတ်ထားသည့် အရင်းအမြစ်များအပေါ် အလွန် အမင်း မှီခိုကာ အထောက်အထား ခိုင်လုံမှုမရှိသော စွပ်စွဲချက်များစွာကို ဖော်ပြထားသည်။ ၎င်း၏ လုပ်ပိုင်ခွင့်သည် နိုင်ငံအားလုံးအကျုံးဝင်ခြင်းနှင့် ဓမ္မဓိဋ္ဌာန်ကျခြင်း၊ နိုင်ငံအချို့ကို ရွေးချယ် ဆောင်ရွက်မှုမပြုခြင်းဟူသော အခြေခံမူများကို ချိုးဖောက်ထားရာ ယင်းလုပ်ပိုင်ခွင့်မှ ထွက်ပေါ် လာသော အစီရင်ခံစာသည် နိုင်ငံရေးသွတ်သွင်းပြီး စံနှုန်းနှစ်မျိုးထားရှိသော ရလဒ်ကို ရည်ရွယ် သည့် အတိုင်းဖြစ်ပေါ်စေသည်။

ခေါင်းစဉ်ခွဲ (၃) အောက်ရှိ စာပိုဒ်များကို ရည်ညွှန်းသည်။ အစီရင်ခံစာရေးသားသူသည် ကိုယ်တိုင်တိုက်ရိုက်ကြုံတွေ့ခဲ့သည့် အချက်အလက်မရှိဘဲ “ယုံကြည်စိတ်ချရသည့် အရင်းအမြစ် များကဆိုသည်” နှင့် “ယုံကြည်စိတ်ချရသည့် အရင်းအမြစ်များအရ” ဟူ၍ ကိုးကားဖော်ပြကာ “စစ်တပ်သည် အနည်းဆုံး အရပ်သား ၈၀၇၅ ဦးကို သတ်ဖြတ်ခဲ့သည်။” “၃၁,၀၁၀ ဦးကို တရားမဲ့ ဖမ်းဆီးခဲ့သည်” ဟု ဖော်ပြခဲ့သည်။ ဖတ်ရှုသူများအနေဖြင့် ယင်းယုံကြည်စိတ်ချရသည့် အရင်းအမြစ် ဆိုသည်များကို သေချာစွာ ကြည့်ရှုမည်ဆိုပါက မြန်မာနိုင်ငံဆိုင်ရာလုပ်ပိုင်ခွင့်ကို ဖန်တီးထားသည့် နိုင်ငံများကပင် ထောက်ပံ့ထားသည့် အဖွဲ့အစည်းများဖြစ်သည်ကို တွေ့ရှိမည်ဖြစ်သည်။ ယင်းအချက်ကိုကြည့်ခြင်းဖြင့် နိုင်ငံအချို့သည် လူ့အခွင့်အရေးကောင်စီကို အလွဲသုံးစားပြု၍ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်အတွက် ဆောင်ရွက်သည်ကို ထင်ရှားစွာ ပြသနေသည်။    

အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့ယာယီသိမ်းပိုက်ထားသည့် နေရာများတွင် လူငယ်များကို အတင်းအကြပ်စစ်သားစုဆောင်းမှုမှာ အမြစ်တွယ်နေသည့် လုပ်ရိုးလုပ်စဉ်တစ်ရပ် ဖြစ်သော်လည်း အစီရင်ခံစာသည် တပ်မတော်၏ အင်အားတိုးမြှင့်လာမှုကို တုံ့ပြန်ခြင်း ဖြစ်သည်ဟု ပုံဖော်ထားသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ရာ ပြည်သူများ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန်နှင့် စစ်ပညာ သင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ဥပဒေနှင့် မညီသော (သို့မဟုတ်) လျော်ကန်မှု မရှိသော စစ်မှုထမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ပါဝင် ပတ်သက်မှုရှိသည့် အာဏာပိုင်များကို ဥပဒေအရ အရေးယူသည်။ အချို့အမှုကိစ္စများသည် အရေးယူပြီးဖြစ်ကာ အချို့မှာ ဆောင်ရွက်ဆဲဖြစ်သည်။ စစ်မှုထမ်းခေါ်ယူသည့် လုပ်ငန်းစဉ်ကို အလွဲသုံးစားပြုလုပ်ခြင်း (သို့မဟုတ်) ငွေကြေး တောင်းခံခြင်းတို့ကို‌ ဆောင်ရွက်သည့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို အရေးယူလျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အစိုးရသည် လူသားချင်းစာနာထောက်ထားမှုကို ရှေးရှု၍ လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်စေလိုသည့် ဆန္ဒရှိ သည့်အတွက်လည်းကောင်း၊ အကျဉ်းသား ၆,၀၀၀ နီးပါးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ကြေညာခဲ့ သည်။ ယင်းသို့ အမြောက်အမြားကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုရာတွင် ဦးဝင်းမြင့်လည်း အပါအဝင် ဖြစ်ပါသည်။ ယင်းကို စောင့်ကြည့်လေ့လာသူများက အပြုသဘောခြေလှမ်းအဖြစ် ရှုမြင်သည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၁ (၁) အရ နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားသည့် ပြစ်ဒဏ်၏ ကျန်ရှိသည့်ကာလကို သတ်မှတ်ထား သောနေအိမ်တွင် နေထိုင်၍ ကျခံရန် ခွင့်ပြုခဲ့သည်။ ထို့ပြင် သေဒဏ်များကို ထောင်ဒဏ်တစ်သက် တစ်ကျွန်းသို့ လျှော့ပေါ့ပြောင်းလဲပေးခဲ့ပြီး၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် သတ်မှတ်ကာလ မရှိသော ထောင်ဒဏ်များကို ထောင်ဒဏ် ၄၀ နှစ်သို့ လျှော့ပေါ့ပြောင်းလဲပေးခဲ့သည်။ ထောင်ဒဏ် ၄၀ နှစ်ထက်ကျော်လွန်သည့် ပြစ်ဒဏ်များကိုလည်း ၄၀ နှစ်သို့ လျှော့ပေါ့ပြောင်းလဲပေးခဲ့ပြီး၊ ယင်းတို့ထက်တိုတောင်းသော ပြစ်ဒဏ်များကို ကျန်ရှိသည့် ပြစ်ဒဏ်ကာလ၏ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ပေးခဲ့သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့် ရရှိခဲ့သည့် အကျဉ်းသား အရေအတွက်မှာ စုစုပေါင်း ၁၂၆,၉၆၄ ဦး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်သည် ICRC ၏ စံနှုန်းများ နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ၃-၈-၂၀၂၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား  သွားရောက် တွေ့ဆုံခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ICRC က အကျဉ်းထောင် (၁၃) ခုနှင့် ထိန်းသိမ်းရေးစင်တာ (၂) ခုကို သွားရောက်ခွင့် ရရှိရေး အဆင်ပြေချောမွေ့စေရန်အတွက် ပံ့ပိုးကူညီ ပေးခဲ့သည်။

ခေါင်းစဉ်ခွဲ (၄)‌‌အောက်ရှိ စာပိုဒ်များကိုရည်ညွှန်းသည်။ ကျောက်တော်မြို့နယ်၊ သရက် တစ်ပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့်စပ်လျဉ်း၍ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ကသိမ်းပိုက်ပြီးနောက်ယင်းကျောင်းသည် လည်ပတ်နိုင်ခြင်းမရှိတော့ဘဲဆိုပါကျောင်းကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က စစ်ရေးရည်ရွယ်ချက်အတွက်အသုံးပြုကြောင်း သေချာ အတည်ပြုပြီးသည့်နောက် ၁၂၂၀၂၅ ရက်တွင် တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ မြောက်ဦးဖြစ်စဉ်နှင့်စပ်လျဉ်း၍ AA ၏ တိုက်ခိုက်မှုကြောင့် ဆေးရုံဝန်ထမ်း၊ ဆရာဝန်နှင့် သူနာပြုများကို ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ တွင် အစိုးရက ဆေးရုံကို တရားဝင်ပိတ်ခဲ့ပါသည်။ တပ်မတော်သည် လိုအပ်သည့် လုံခြုံရေး အစီအမံများပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် AA နှင့် PDF အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က အခြေပြုထားသည့် အဆောက်အအုံများကို တပ်မတော်က ကြမ်းဖက်တိုက်ဖျက် ရေးဆောင်ရွက်ခဲ့သည်။ အကြမ်းဖက်များက လူမှုမီဒီယာများတွင် ဖြန့်ဝေထားသည့် ဓါတ်ပုံများအရ ဒဏ်ရာရသူများမှာ၎င်းတို့အဖွဲ့ဝင်များသာ ဖြစ်ပြီး သေဆုံးသွားသော ၎င်းတို့၏အဖွဲ့ဝင်များအတွက် ဝမ်းနည်းကြောင်းစာများလည်း ဖလှယ်ခဲ့ကြည်။ ၂၄၂၀၂၆ ရက်တွင် ဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က သောင်းကျန်းမှုလုပ်ရပ်များပြုလုပ်သည့်နေရာဖြစ်ကြောင်း တပ်မတော်ကစိစစ်အတည်ပြုခဲ့ပြီးယင်းစစ်ဆင်ရေးတွင် AA ဗျူဟာမှူးအဆင့်ရှိ အောင်ကျော်ဇံ သေဆုံးခဲ့သည်။

ယင်းစာပိုဒ်များသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ချိုးဖောက်မှုများ၊ အလွဲ သုံးစားမှုများ၊ ခွဲခြားဆက်ဆံမှုအလေ့အထများကို အများအပြား‌ ဖော်ပြထားသည်။ အမှန်တကယ်မှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့တည်းသာ ယင်းသို့ အကြမ်းဖက်လုပ်ရပ်ပြုလုပ်ခြင်း မဟုတ်ဘဲ အခြားသောသောင်းကျန်းသူအဖွဲ့များမှာလည်း အလားတူ နည်းဗျူဟာဖြင့် ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး၊ ယင်းအချက်အလက်များကို အများပြည်သူ လွတ်လပ်စွာ ရယူကြည့်ရှုနိုင်သော သတင်းရင်းမြစ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်သည်။ အခြားသောအကြမ်းဖက် သောင်းကျန်းသူ အုပ်စုများသည် သတ်မှတ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများထက် ကျော်လွန်၍ နယ်မြေချဲ့ထွင်မှုများ ပြုလုပ်လျက်ရှိသည်။ ယင်းသို့ ပြုလုပ်ရာတွင် အရပ်သားများကို ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် လူမျိုးရေးခွဲခြားမှု အလေ့အထများပါ ယှဉ်တွဲပါဝင်သည်။ အခြားသော တိုင်းရင်းသားများ နေထိုင်သည့် နေရာများကို ထိန်းချုပ်ရယူရန် ကြိုးပမ်းသည့် ၎င်းတို့၏ လုပ်ရပ်များကြောင့် ဒေသခံများ၊ အထူးသဖြင့် အခြားသော တိုင်းရင်းသား အသိုက်အဝန်းများ နေရပ်စွန့်ခွာမှုများနှင့် နှင်ထုတ်ခံရမှုများ ဖြစ်ပေါ်စေသည်။ ထို့ပြင် အရပ်သား များ၏ ပစ္စည်းများအား လုယက်သကဲ့သို့ သမိုင်းဝင်၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအဆောက်အအုံ များကိုလည်း ဖျက်ဆီးသည်။ နေအိမ်များ၊ ဆေးရုံများ၊ ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံ များကို တိုက်ခိုက်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် အခြားသော လူမဆန်သည့် လုပ်ရပ်များသည် အရပ်သားများ၏ လူမှုဘဝကို လျစ်လျူရှုပြီး လူမျိုးရေးပြင်းထန် အစွန်းရောက်မှုကို ထင်ဟပ်ပြသနေသည်။

အခြားတဖက်တွင် ၂၀၂၁ ခုနှစ်၊ မေလ၌ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခြင်းခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရခေါ်အဖွဲ့အောက်ရှိ PDF အကြမ်းဖက်အဖွဲ့က ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို အစီရင်ခံစာက ဆက်လက်နှုတ်ဆိတ်လျက်ရှိသည်။ သို့သော် ယင်းအဖွဲ့၏ အရေးနိမ့်မှုကိုမူ အသိအမှတ်ပြုထားသည်။ ယင်းအကြမ်းဖက်အဖွဲ့များကို တစ်ချိန်က ထောက်ခံခဲ့သောသူများသည် ၎င်းတို့၏ ကြောက်ရွံ့ဖွယ်ရာဇဝတ်မှုများနှင့် ရက်စက်မှုများကို မျက်မြင်ကြုံတွေ့ခဲ့ရာ ယခုအခါ ၎င်းတို့၏ မြို့ရွာများနှင့်အခြေခံအဆောက်အအုံများကို ကာကွယ် ရန် လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ PDF အကြမ်းဖက်သမား များနှင့် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ အစိုးရဝန်ထမ်း ၂၄၆ ဦး၊ ပညာရေးဝန်ထမ်း ၁၂၉ ဦး၊ ကျန်းမာရေးဝန်ထမ်း ၂၆ ဦး၊ အုပ်ချုပ်ရေးမှူး ၁,၃၄၅ ဦး၊ သံဃာနှင့် သီလရှင် ၁၃၃ ပါး၊ ကလေး ၃၉၆ ဦးနှင့် အပြစ်မဲ့အရပ်သား ၇,၆၃၃ ဦးအပါအဝင် စုစုပေါင်း အရပ်သား ၉,၉၀၈ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

နိုင်ငံသားများနှင့် ပြည်တွင်းနေထိုင်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန် တာဝန်ရှိသည်နှင့်အညီ မြန်မာအစိုးရအနေဖြင့် အကြမ်းဖက်တုံ့ပြန်ရေးများဆောင်ရွက်လျက်ရှိပြီး ယင်းသို့ သောင်းကျန်းသူတုံ့ပြန်ရေးစစ်ဆင်ရေးများကြောင့် အကြမ်းဖက်သောင်းကျန်းသူများက ယာယီသိမ်းပိုက်ထားသည့် မြို့၊ ရွာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ယခုအခါ အစိုးရ၏ ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိလာသည့် မူရင်းနေရပ်များသို့ ပြည်သူများပြန်လည် ဝင်ရောက်လာပြီဖြစ်ရာ သက်ဆိုင်ရာအစိုးရဌာနများက ဒေသခံပြည်သူများအတွက် အခြေခံ ဝန်ဆောင်မှုများ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသခံအသိုက်အဝန်းများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် တပ်မတော်သည် ချင်းနှင့် ကယားပြည်နယ်များ၊ မန္တလေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးများရှိ နေရာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းနေရာများကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းကြောင့် အိန္ဒိယမြန်မာထိုင်းကုန်သွယ်ရေးလမ်းကြောင်း အပါအဝင် အဓိကကုန်သွယ်ရေးစင်္ကြံများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

ခေါင်းစဉ်ခွဲ ၄ အောက်ရှိစာပိုဒ်များကို ရည်ညွှန်းသည်။ ကချင်ပြည်နယ်ရှိ ချီဖွေနှင့် ပန်ဝါ ဒေသများနှင့် ရှမ်းပြည်နယ်တို့တွင် မြေရှားတူးဖော်ရေးအတွက် တရားဝင်လုပ်ပိုင်ခွင့်ပေးခြင်း သို့မဟုတ် ပါမစ်ချထားခြင်း မရှိပါ။ ယင်းဒေသများတွင် မြေရှားထုတ်လုပ်မှုအများစုမှာ လက်နက်ကိုင်တပ်ဖွဲ့များ၊ အထူးသဖြင့် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တရားမဝင် ဆောင်ရွက်ခြင်း ဖြစ်သည်။ အစီရင်ခံကိုယ်၌ကပင် မြေရှားများကို လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ကုန်းတွင်းနယ်စပ်များမှ ဖြတ်သန်းသယ်ဆောင်ကြောင်း ဖော်ပြထားသည်။ ကချင်ပြည်နယ်တွင် မြေရှားတူးဖော်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အကျိုးအမြတ်မြောက်များစွာ ရရှိသော်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၏ဒဏ်ကို ဒေသခံများ ခံစားရလျက် ရှိသည်။ ယင်းလက်နက်ကိုင်အဖွဲ့က တရားမဝင် မြေရှားတူးဖော်ခြင်းအတွက်  ဆက်ကြေးကောက်သည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံရှိ ကုတ်မြစ်ညစ်ညမ်းကြောင်းစွပ်စွဲချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်မှစ၍ နမ့်ခုတ်မြစ်ရေကို တိုင်းတာခဲ့သည်။ ရှမ်းပြည်နယ်ရှိ ဒေသခံတာဝန်ရှိသူများက နမ့်ခုတ် မြစ်တလျှောက် စစ်ဆေးခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို ၂၀၂၅ ခုနှစ်၊ မေလနှင့် ဇွန်လ တို့တွင် ဆောင်ရွက်ခဲ့သည်။ ရေအရည်အသွေးအကဲဖြတ်ခြင်းကို နမ့်ခုတ်မြစ်တလျှောက် (၇)နေရာ အပါအဝင် ရှမ်းပြည်နယ် မိုင်းဆက်ခရိုင်ရှိ နေရာ(၇)ခုတွင် ဆောင်ရွက်ခဲ့သည်။ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် နိုင်ငံနယ်နိမိတ်အတွင်းရှိ မြစ်ကြောင်းတလျှောက် ရေအရည်အသွေးကို လစဉ် ဆက်လက်စောင့်ကြည့်လျက်ရှိသည်။ တိုင်းတာမှုများအရ ၂၀၂၅ ခုနှစ် ဇူလိုင်နှင့် ဩဂုတ်လ မှအပ ကျန်လများအားလုံးတွင် အာဆင်းနစ် ပါဝင်နှုန်းမှာ WHO လမ်းညွန်နှင့် ထိုင်းနိုင်ငံ၏ စံနှုန်း ဖြစ်သည့် တစ်လီတာလျှင် ၀.၀၁ မီလီဂရမ် အောက်တွင်သာရှိသည်။ ဇူလိုင်နှင့် ဩဂုတ်လတွင် ယင်းပါဝင်နှုန်းမှာ WHO လမ်းညွှန်ထက်အနည်းငယ်မြင့်မားကြောင်း တွေ့ရှိရ သော်လည်း မြန်မာနိုင်ငံ၏ အမျိုးသားစံနှုန်းဖြစ်သည့် တစ်လီတာလျှင် ၀.၀၅ မီလီဂရမ် အောက်တွင်ရှိသည်။ ၂၀၂၅ ခုနှစ်၊ မေလတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့သည် နမ့်ခုတ်မြစ်တလျှောက် မြေပြင်စစ်ဆေးရေးဆောင်ရွက်ခဲ့ သည်။ ယင်းသို့ ဆောင်ရွက်စဉ် စစ်ဆေးရေးအဖွဲ့သည် UWSA အဖွဲ့က လုပ်ကိုင်သည့် သတ္တုတူးဖော်ရေးနေရာတစ်ခု တွေ့ရှိခဲ့ပြီး ယင်းနေရာတွင် ၂၀၂၂ ခုနှစ်မှစတင်၍ လှုပ်ရှားနေခဲ့ကာ ၂၀၂၅ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။ မြန်မာ နှင့်ထိုင်းနှစ်နိုင်ငံကြား နှစ်ဖက် ဆက်လက်ထိတွေ့ပူးပေါင်းလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ခိုင်မာစေရေး အဆင့်မြင့်ဝန်ကြီးအဆင့်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ထိုင်းနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နယ်နိမိတ်နှင့် နယ်စပ်ဖြတ်ကျော် မြစ်များ ရေအရည် အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (TOR) ကို လက်မှတ် ရေးထိုးခဲ့သည်။

နိဂုံးချုပ်အားဖြင့်လက်နက်ကိုင်တပ်ဖွဲ့များ၏လှုပ်ရှားမှုများကိုအကဲဖြတ်ရာတွင်၎င်းတို့၏ နိုင်ငံရေးတောင်းဆိုမှုများနှင့် ဖန်တီးပုံဖော်မှုများအပေါ်အခြေမခံဘဲအစီရင်ခံစာအနေဖြင့်တရားဝင် ထုတ်ပြန်ချက်များနှင့်အခြားသောရင်းမြစ်များမှကွဲပြားသောရှုထောင့်များကိုထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီးလက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ပဋိပက္ခများမှရရှိသောစီးပွားရေးအကျိုးအမြတ်များ၊၎င်းတို့၏ လုပ်ရပ်ကိုဆန့်ကျင်သောဒေသခံများအပေါ်ညှဉ်းပန်းမှုများနှင့်တရားမဝင်လုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုများအပေါ်ပိုမိုအလေးထားသင့်သည်။၎င်းတို့ထိန်းချုပ်ထားသောနေရာများတွင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည်အစိုးရ၏ ပုံမှန်လုပ်ထုံးလုပ်နည်းများနှင့် လိုင်စင်မူဘောင်များပြင်ပမှသဘာဝသယံဇာတများကိုအကြီးအကျယ်ထုတ်ယူလျက်ရှိသည်။သဘာဝသယံဇာတများကိုအလွဲသုံးထုတ်ယူမှုများကြောင့်နိုင်ငံ၏တရားဝင်ဝင်ငွေကိုထိခိုက်စေပြီးသဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေသည်။ဒေသခံအသိုက်အဝန်းများ၏အကျိုးစီးပွားကို နစ်နာစေလျက်ရှိပြီးလယ်ယာများ၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသည်။

အထက်ပါလုပ်ရပ်များနှင့်အတူတိုင်းရင်းသားလူမျိုးများအလိုက်ဆက်စပ်ထားရှိသောနေရာများမှပြင်ပသို့ချဲ့ထွင်ခြင်း၊အခြားသောအသိုက်အဝန်းများကိုခွဲခြားဆက်ဆံခြင်းနှင့်နေရပ် စွန့်ခွာစေခြင်း၊သတ်ဖြတ်ခြင်း၊ဖမ်းဆီးခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်အရပ်သားများအပေါ် အခြားသောချိုးဖောက်မှုများကိုထည့်သွင်းစဉ်းစားသင့်သည်။  ထို့ပြင်လက်နက်ကိုင်အဖွဲ့များသည်၎င်းတို့ထိန်းချုပ်ထားသောနေရာများတွင်မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊မှောင်ခိုကူးခြင်း၊သဘာဝ သယံဇာတများကိုစည်းကမ်းမဲ့ထုတ်ယူခြင်းနှင့်အွန်လိုင်းလိမ်လည်မှုများအပါအဝင်တရားမဝင် စီးပွားဖြစ်လှုပ်ရှားမှုများနှင့်လည်းဆက်နွှယ်လျက်ရှိသည်။

ယင်းကဲ့သို့သော စနစ်တကျကျယ်ပြန့်စွာချိုးဖောက်မှုများ၊ တရားမဝင်လှုပ်ရှားမှုများနှင့် အရပ်သားပြည်သူများအပေါ် ပြန်လည်ပြင်ဆင်၍မရသော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း အစီရင်ခံစာက မလွှဲမရှောင်သာ အသိအမှတ်ပြုထားသည်။ အစီရင်ခံစာ၏ နိဂုံးချုပ်သုံးသပ်ချက်များ နှင့် အကြံပြုချက်များအပိုင်းတွင် ယင်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကို “အကြံပြုသည်” ဟူသော စကားရပ်သုံးစွဲခြင်းဖြင့် မျက်နှာသာပေးထားသည်။ အစီရင်ခံစာ၏ ယင်းအပိုင်းတွင်ပင် စွက်ဖက်ထိပါးသောအချက်များကို တပ်မတော်ထံ “တောင်းဆိုသည်”ဟု သုံးနှုန်းထားသည်။ ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်သည် လွတ်လပ်ပြီး ပညာရှင်ဆန်၍ ပြင်ပလွှမ်းမိုးမှု၊ လှုံ့ဆော်မှု၊ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုနှင့် စွက်ဖက်မှုများကင်းရမည်ဖြစ်သော်လည်း အထက်ပါ ယင်းအချက်ကို ကြည့်ခြင်းဖြင့် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အပေါ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ မလျော် ဩဇာသက်ရောက်နေကြောင်း ပြသနေသည်။

မြန်မာအစိုးရအနေဖြင့်အများပြည်သူတည်ငြိမ်ရေးအရပ်သားများကိုကာကွယ်စောင့်ရှောက်ရေးနှင့်လက်နက်ကိုင်အဖွဲ့များ၏ တရားမဝင်လုပ်ရပ်များကိုဥပဒေဘောင်အတွင်းမှ တုံ့ပြန်ရန်တာဝန်ရှိသည်။လက်နက်ကိုင်တိုက်ခိုက်မှုများ၊တရားမဝင်နယ်မြေထိန်းချုပ်မှုများနှင့်လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ၏ရာဇဝတ်မှုများကိုထည့်သွင်းစဉ်းစားခြင်းမပြုဘဲအစိုးရ၏စစ်ဆင်ရေးများကိုအရပ်သားအပေါ်တိုက်ခိုက်မှုများအဖြစ် ပုံဖော်နေခြင်းသည်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောအခြေအနေများကိုမမျှမတ ဘက်လိုက်ဖော်ပြရာရောက်သည်။နယ်မြေထိန်းချုပ်ခြင်း၊သယံဇာတများတရားမဝင်ထုတ်ယူခြင်းနှင့်အခြားရာဇဝတ်သင့်သည့်လုပ်ရပ်များနှင့်အများ ပြည်သူ၏ လုံခြုံရေးနှင့်ရပ်တည်ရေးကိုခြိမ်းခြောက်နေသည့်လက်နက်ကိုင်အဖွဲ့များကိုရင်ဆိုင် ဖြေရှင်းနေသည့်အစိုးရ၏ကြိုးပမ်းအားထုတ်မှုများကိုထည့်သွင်းစဉ်းစားခြင်းဖြင့်သာပိုမိုမျှတသော သုံးသပ်ချက်ရရှိမည်ဖြစ်သည်။

ကုလသမဂ္ဂရုံးနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ

မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး

ဂျီနီဗာမြို့

၂၀၂၆ ခုနှစ်၊ စက်တင်ဘာ        ရက်