လူ့အခွင့်အရေးကောင်စီ၏(၆၃) ကြိမ်မြောက်အစည်းအဝေးတွင်ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့် (IIMM) တို့နှင့်အပြန်အလှန်ဆွေးနွေးပွဲအပေါ်မြန်မာနိုင်ငံ၏တုံ့ပြန်ချက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်

(ဂျီနီဗာမြို့၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်)

လူ့အခွင့်အရေးကောင်စီ၏ (၆၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ၇-၉-၂၀၂၆ ရက်တွင် ဥရောပသမဂ္ဂ(EU) နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ က ဖန်တီးထားသည့်လုပ်ပိုင်ခွင့်အရ ဖြစ်ပေါ်လာသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့် (IIMM) တို့နှင့် အပြန်အလှန် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ သက်ဆိုင်ရာနိုင်ငံပါဝင်ခြင်းမရှိသဖြင့် အမြင်တစ်မျိုး တည်းသာ လွှမ်းမိုးသောပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေပြီး အပြုသဘောဆောင်သော နိုင်ငံတကာ ဆွေးနွေးညှိနှိုင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူများနှင့် ဆန့်ကျင်သည်။

၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော IIMM ဆိုသည့် ယန္တရားကို စတင်ဖွဲ့စည်းချိန်မှစ၍ မြန်မာ နိုင်ငံအနေဖြင့် မည်သည့်အခါကမျှ အသိအမှတ်မပြုခဲ့သည့်အပြင်၊ အဆိုပါယန္တရားကို ဖွဲ့စည်းရန် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆို ၃၉/၂ မှာလည်း လူ့အခွင့်အရေးကောင်စီတွင် တူညီဆန္ဒမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂတွင် ငွေကြေးဆိုင်ရာအကျပ်အတည်း ဖြစ်ပေါ်နေချိန်တွင် IIMM ဟု ဆိုသည့် ယန္တရားအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် တောင်းဆိုလေ့ ရှိပြီး၊ အဆိုပါယန္တရားသည် သတ်မှတ်ကာလမရှိသည့် ဖွဲ့စည်းပုံဖြင့် ဆက်လက်တည်ရှိနေသည်။ ထို့ပြင် အချို့သော အလှူရှင်နိုင်ငံများထံမှ သီးခြားစီမံကိန်းများအတွက် ပြင်ပရန်ပုံငွေများကိုလည်း လက်ခံနေသဖြင့် ၎င်း၏လွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် ပွင့်လင်းမြင်သာမှုတို့အပေါ် မေးခွန်းထုတ် စရာများ ဖြစ်ပေါ်စေသည်။

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးသည် အတိုက်အခံအဖွဲ့များနှင့် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက ဖြန့်ဝေတင်ပြနေသည့် နိုင်ငံရေးပုံဖော်မှုများကို ရှေ့တန်းတင်ပြီး၊ ကုလသမဂ္ဂ၏ ကိုယ်ပိုင်အကဲဖြတ်ချက်များကဲ့သို့ ပုံတူကူး၍ ပြန်လည်ဖော်ပြလျက်ရှိသည်။  ယင်းအကဲဖြတ်ချက်များကို ယုံကြည်စိတ်ချရသည့်အရင်းအမြစ်ဆိုသည်များထံမှ အခြေခံထားခြင်း ဖြစ်ပြီး အဆိုပါအဖွဲ့အစည်းများကို မြန်မာနိုင်ငံဆိုင်ရာလုပ်ပိုင်ခွင့်ကို ဖန်တီးထားသည့်နိုင်ငံ များကပင် ပံ့ပိုးထားခြင်းဖြစ်သည်။ ယင်းမှာ နိုင်ငံအုပ်စုတစ်စုက လူ့အခွင့်အရေးကောင်စီကို ၎င်းတို့၏ သီးခြားနိုင်ငံရေးရည်မှန်းချက်အတွက်  အလွဲသုံးစားပြုနေကြောင်း ထင်ရှားစွာ ပြသနေ သည်။

အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်များက ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်သောပြစ်မှုများနှင့် အလွန်ဆိုးရွားသည့် ရာဇဝတ်မှုများကို တုံ့ပြန်ရန် အတွက် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့များက ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနှင့်အညီ တန်ပြန် ဆောင်ရွက်မှုများ ပြုလုပ်နေရသည့် အရေးကြီးသောနောက်ခံအကြောင်းအရာကို လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးက လျစ်လျူရှုထားသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် အစိုးရဝန်ထမ်း  ၂၄၆ ဦး၊ ပညာရေးဝန်ထမ်း ၁၂၉ ဦး၊ ကျန်းမာရေးဝန်ထမ်း ၂၆ ဦး၊ အုပ်ချုပ်ရေးမှူး ၁၃၄၅ ဦး၊ သံဃာနှင့် သီလရှင် ၁၃၃ ပါး၊ ကလေး ၃၉၆ ဦးနှင့် အပြစ်မဲ့ အရပ်သား ၇၆၃၃ ဦးအပါအဝင် စုစုပေါင်း ၉၉၀၈ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

အစီရင်ခံစာတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ချိုးဖောက်မှုများ၊ အလွဲသုံးစား ပြုမှုများနှင့် ခွဲခြားဆက်ဆံသည့် အလေ့အထများကို ထူးခြားစွာ အလေးပေးဖော်ပြထားသည်။ အမှန်တကယ်မှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့တည်းသာ ယင်းသို့ ကျူးလွန်ခြင်း မဟုတ်ဘဲ အခြားသောသောင်းကျန်းသူအဖွဲ့များမှာလည်း အလားတူ နည်းဗျူဟာဖြင့် ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး၊ ယင်းအချက်အလက်များကို အများပြည်သူ လွတ်လပ်စွာ ရယူကြည့်ရှုနိုင်သော သတင်းရင်းမြစ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်သည်။ ၂၀၂၁ ခုနှစ်၊ မေလတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဟု ကြေညာသတ်မှတ်ခဲ့သည့် NUG အောက်ရှိ PDF အကြမ်းဖက်တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးက ဆက်လက်လျှော့ပေါ့ဖော်ပြထားသော်လည်း ၎င်းတို့၏ အရေးနိမ့်မှု ကိုမူ အသိအမှတ်ပြုထားသည်။ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကို ယခင်က ထောက်ခံခဲ့သူ များသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို မျက်မြင်ကြုံတွေ့ခဲ့ရခြင်းကြောင့် ယခုအခါ လုံခြုံရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ ချင်းနှင့် ကယားပြည်နယ်များ၊ မန္တလေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ယင်းအဖွဲ့များ ယာယီသိမ်းပိုက်ထားသည့် နေရာများကို အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိလာစေခဲ့သည်။ အလားတူ PDF အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းခဲ့သည့် လူငယ်များသည် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ အမြတ်ထုတ်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကို သိရှိလာရာ ဥပဒေဘောင်ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ ကြသည်။ ၂၈-၈-၂၀၂၆ ရက်အထိ ယင်းသို့ဝင်ရောက်သူ စုစုပေါင်း ၄,၄၄၁ ဦးရှိပြီဖြစ်သည်။

မြေရှားတူးဖော်မှုနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်ရှိ ချီဖွေနှင့် ပန်ဝါဒေသများနှင့် ရှမ်းပြည်နယ် တို့တွင် မြေရှားတူးဖော်ရေးအတွက် တရားဝင်လုပ်ပိုင်ခွင့်ပေးခြင်း သို့မဟုတ် ပါမစ် ချထားခြင်း မရှိပါ။ ယင်းဒေသများတွင် မြေရှားထုတ်လုပ်မှုအများစုမှာ လက်နက်ကိုင်တပ်ဖွဲ့များ၊ အထူးသဖြင့် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တရားမဝင် ဆောင်ရွက်ခြင်းဖြစ်သည်။ မဟာမင်းကြီးက အဆိုပါကိစ္စရပ်အပေါ် အလေးပေးဖော်ပြထားသော်လည်း၊ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက နိုင်ငံတော်မှသတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် လိုင်စင်ထုတ်ပေးရေးဆိုင်ရာ ယန္တရားများ၏ ပြင်ပတွင် သဘာဝသယံဇာတများကို မည်သို့ တရားမဝင် ထုတ်ယူရွှေ့ပြောင်းသည် ကိုမူ လုံလောက်စွာထည့်သွင်းစဉ်းစားပုံမရပေ။  

ရခိုင်ပြည်နယ်နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်မှ လူအများအပြား အတင်းအကျပ် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရခြင်း၏ အကြောင်းရင်းမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ARSA ခေါ် Aqamul Mujahideen က ဘာသာအယူဝါဒကွဲပြားသည့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ လက်ရှိ ပြန်လည်လက်ခံ နေရာချထားရေး ကြိုးပမ်းမှုများသည် ရခိုင်ပြည်နယ်အတွင်း AA ၏ အကြမ်းဖက်လုပ်ရပ် များကြောင့် နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရသည်။ အစိုးရအနေဖြင့် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် သဘောတူညီချက် များနှင့် အစီအစဉ်များနှင့်အညီ အတည်ပြုစိစစ်ပြီးသူများ ပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက် ပံ့ပိုးကူညီပေးရန် ဆက်လက်ကတိပြုထားပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည် ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းမှတ်တမ်းများတွင် မည်သည့်အခါမျှ မရှိခဲ့သည့် “Rohingya” ဟူသော ဖန်တီးထားသည့် အသုံးအနှုန်းကို မြန်မာနိုင်ငံကအသိအမှတ်မပြုကြောင်း ထပ်လောင်းဖော်ပြအပ်သည်။

အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အခြားသော စိန်ခေါ်မှုများအပြင် ပြင်ပဖိအားများ ရှိနေသော် လည်း အစိုးရအနေဖြင့် ပြည်သူ့လုံခြုံရေးနှင့် အများပြည်သူတည်ငြိမ်ရေး၊ အရပ်သား ပြည်သူများကို ကာကွယ်ရေးနှင့် တည်ဆဲသက်ဆိုင်ရာဥပဒေများနှင့်အညီ ဥပဒေမဲ့လုပ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရေး တာဝန်များကို အခိုင်အမာ ဆက်လက်ထမ်းဆောင်လျက်ရှိသည်။ အကြမ်းဖက်လက်နက်ကိုင် တိုက်ခိုက်မှုများ၊ ဥပဒေမဲ့နယ်မြေထိန်းချုပ်မှုများ၊ လူမျိုးရေးခွဲခြား ဆက်ဆံမှုများ၊ လုယက်မှုများနှင့် အများပြည်သူဆိုင်ရာ၊ သမိုင်းဝင်၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးမှုများ၊ သဘာဝသယံဇာတများကို တရားမဝင် ထုတ်ယူမှုများနှင့် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက ကျူးလွန်နေသည့် အခြားဥပဒေမဲ့ လုပ်ရပ်များကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ အစိုးရ၏ စစ်ဆင်ရေးများကို အရပ်သားပြည်သူများ အပေါ် တိုက်ခိုက်မှုများအသွင် ပုံဖော်ခြင်းမှာ လှည့်ဖျားခြင်းဖြစ်ပြီး အထင်အမြင်လွဲမှားစေသည်။

ယင်းကဲ့သို့ ဝင်ရောက်စွက်ဖက်၍ နိုင်ငံတစ်နိုင်ငံကို ပစ်မှတ်ထားသည့် လူ့အခွင့်အရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များကို ဆက်လက်ထားရှိရန် သို့မဟုတ် သက်တမ်းတိုးရန်အတွက် ခိုင်လုံသော အကြောင်းပြချက် မရှိပါ။ အခြေအမြစ်မရှိ၊ ခိုင်လုံမှုမရှိဘဲ ထိပါးစွက်ဖက်သော လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး၊ IIMM နှင့် အချို့သော ကိုယ်စားလှယ်အဖွဲ့များ၏ အကြံပြုချက်များကို မြန်မာနိုင်ငံက အခိုင်အမာပယ်ချသည်။ ဆွေးနွေးမှုများအတွင်း မူအပေါ်အခြေခံသော ရပ်တည်ချက်များအတိုင်း လိုက်နာပြီး မြန်မာနိုင်ငံအပေါ် မျှတအပြုသဘောဆောင်သော အမြင်များကို ဖော်ပြခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့များကို အစိုးရအနေဖြင့် ကျေးဇူးတင်ရှိ ကြောင်း မှတ်တမ်းတင်အပ် သည်။

ကုလသမဂ္ဂရုံးနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ

မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး

ဂျီနီဗာမြို့