IIMM ဟုဆိုသည့် ယန္တရား၏ နှစ်စဉ်အစီရင်ခံစာဖြစ်သည့် (A/HRC/63/19) နှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ကျင်းပခဲ့သည့် (၃၉) ကြိမ်မြောက် လူ့အခွင့် အရေးကောင်စီ (Human Right Council- HRC) ၏ ဆုံးဖြတ်ချက်အမှတ် ၃၉/၂ အရ တစ်ဖက်သတ် ဖွဲ့စည်းထူထောင်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) ဆိုသည့် အဖွဲ့အစည်း၏ နှစ်စဉ်အစီရင်ခံစာဖြစ်သည့် (A/HRC/63/19) နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသည် IIMM ဆိုသည့် ယန္တရားကို စတင်ဖွဲ့စည်းတည်ထောင်ချိန် ကတည်း က ယနေ့အထိ အသိအမှတ်ပြုခြင်းမရှိကြောင်း၊ အဆိုပါယန္တရားကို ဖန်တီးခဲ့သည့် ဆုံးဖြတ်ချက် အဆို ၃၉/၂ သည် တူညီဆန္ဒဖြင့် မဟုတ်ကြောင်း ဖော်ပြအပ်သည်။

IIMM ၏ ယခုနှစ်စဉ် အစီရင်ခံစာသည် ယခင်နှစ်များနည်းတူ မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲချက်များနှင့် အတည်မပြုနိုင်သည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှရရှိသည့် သတင်းများအပေါ် အခြေခံရေးသားထားကြောင်း တွေ့ရသည်။ ၎င်းတို့စွပ်စွဲထားသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ဆင်ရေးများသည် လက်နက်ကိုင် သောင်းကျန်းသူများက မြို့၊ ရွာများကို အကြမ်းဖက်တိုက်ခိုက် သိမ်းပိုက်မှုများကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူ့အသက်အိုးအိမ် ကာကွယ်ရန်အတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-RoE) နှင့်အညီ စစ်ရေး ပစ်မှတ်များကိုသာ ပြန်လည်တုံ့ပြန် ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်မှု မရှိစေရေး အထူးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

လက်နက်ကိုင်သောင်းကျန်းသူများသည် ကျောင်းများ၊ ဆေးရုံများ၊ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများအပါအဝင် အရပ်ဖက်အခြေခံ အဆောက်အအုံများကို command centers များ၊ ခံစစ်စခန်းများနှင့် လက်နက် သိုလှောင်မှုများ အပါအဝင်စစ်ရေး ရည်ရွယ်ချက်အတွက် အသုံးချလျက်ရှိပြီး ယင်းသို့သော အထောက်အထားများကို အစိုးရဘက်မှ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း IIMM အနေဖြင့် တစ်ဖက်သတ်ရရှိသည့် သတင်းများ ကိုသာ ဖော်ပြလျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ ပြည်သူစုစုပေါင်း ၉,၈၅၃ ဦး သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် အတွက် ရည်ရွယ်ချက်ဖြင့် အုပ်ချုပ်ရေးမှူး ၁,၃၃၉ ဦးကိုလည်း သတ်ဖြတ်ခဲ့ကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အစိုက် နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။ ၎င်းတို့သည် အများပြည်သူကိုဖိအားပေး၍ စိုးရိမ်ပူပန်မှုများဖြစ်စေရန်လည်း ဆောင်ရွက်လျက် ရှိသည်။

အစိုးရအနေဖြင့် မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်ကို အကာကွယ်ပေးရန် တာဝန် ရှိသည်နှင့်အညီ အကြမ်းဖက်မှုတုံ့ပြန်ရေး စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများ ယာယီသိမ်းပိုက်ထားသော မြို့ရွာများစွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ အစိုးရ၏ ထိန်းချုပ်မှု အောက်ပြန်လည် ရောက်ရှိသော မြို့၊ရွာများသို့ ဒေသခံအမြောက်အမြား နေရပ်ပြန်လာကြပြီး အခြေခံဝန်ဆောင်မှုများ ရရှိစေရန် သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

IIMM အနေဖြင့် ယင်းကဲ့သို့သောတပ်မတော်၏ အရပ်သားပြည်သူများ၏ အကျိုးစီးပွား ကာကွယ်ပေးနေသည့် လုပ်ရပ်များကို တမင်လျစ်လျူရှုထားဖော်ပြခြင်းမရှိဘဲ အကြမ်းဖက် သမားများ၏ ပြင်းထန်သော အကြမ်းဖက်လုပ်ရပ်များနှင့် ချိုးဖောက်မှုများကို ဖုံးဖိပေးထား ကြောင်း တွေ့ရှိရသည်။ သို့ပါ၍ IIMM ၏ တစ်ဖက်သတ်ဆန်သည့် ထုတ်ပြန်ချက်နှင့် မှန်ကန်မှု မရှိသည့် IIMM ၏ အစီရင်ခံစာသည် နိုင်ငံတကာအသိုက်အဝန်းကို မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားစေသဖြင့် ပြတ်သားစွာပယ်ချပြီး IIMM ယန္တရားကို ထူထောင်ထားမှုနှင့် လုပ်ပိုင်ခွင့်ကို အသိအမှတ်မပြုကြောင်း ထပ်လောင်းဖော်ပြအပ်သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊
ဂျီနီဗာမြို့။