မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားလိုသူများအတွက် အသိပေးကြေညာချက်

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ    ၁၂    ရက်

၁။      ဆွစ်ဇာလန်နိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်ကြသည့် မြန်မာနိုင်ငံသား များအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်−

(က) မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားသူအားလုံးသည် ပြည့်စုံစွာ ဖြည့်စွက်ပြီးသော ကိုယ်ရေးလျှောက်လွှာ၊ နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်/ U-ID ကတ် မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ ဆွစ်ဇာလန် နိုင်ငံက ထုတ်ပေးထားသည့် ID ကတ် မိတ္တူ၊ (၆) လအတွင်း ရိုက်ကူးထားသည့် နောက်ခံအဖြူရောင်ဖြင့် ဓါတ်ပုံ (၃) ပုံ တို့ဖြင့် လျှောက်ထားရန်၊

(ခ)   အလုပ်လုပ်ကိုင်သူ (PJ) အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားသူများသည် အထက် စာပိုဒ်ခွဲ (က) ပါ စာရွက်စာတမ်းများအပြင် အလုပ်ခန့်စာ (သို့မဟုတ်) စာချုပ် မိတ္တူ၊ Pay Slip မိတ္တူ၊ ဝင်ငွေခွန် ဆောင်ပြီးကြောင်း အထောက်အထားနှင့် တရားဝင် ငွေလွှဲစနစ်ဖြင့် လစာဝင်ငွေ၏ ၂၅ % မိသားစုလွှဲပို့ငွေကို အနီးစပ်ဆုံး (၃) လစာ လွှဲပို့ထားသည့် အထောက်အထား တို့ဖြင့် ပူးတွဲလျှောက်ထားရန်၊

(ဂ)   ပညာသင်ကြားနေသူ (PE) အမျိုးအစားနိုင်ငံကူးလက်မှတ် လျှောက်ထားသူများသည် အထက်စာပိုဒ်ခွဲ (က) ပါ စာရွက်စာတမ်းများအပြင် တက်ရောက်ပညာသင်ကြားလျက် ရှိသည့် ကျောင်း/တက္ကသိုလ်၏ Confirmation of Acceptance Letter နှင့် ကျောင်းသားကတ် မိတ္တူတို့ကို ပူးတွဲလျှောက်ထားရန်၊

(ဃ) မှီခိုသူ (PT) အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားသူများသည် အထက် စာပိုဒ်ခွဲ (က) ပါ စာရွက်စာတမ်းများအပြင် နိုင်ငံခြားသားနှင့် တရားဝင် လက်ထပ် ထားသူဖြစ်ပါက ယင်းအထောက်အထား၊ မှီခိုသူဆိုင်ရာ အထောက်အထား၊ မှီခိုသူ၏ ID ကတ်မိတ္တူ တို့ကို ပူးတွဲလျှောက်ထားရန်၊ ထို့ပြင် မြန်မာအမျိုးသမီးများအား ကာကွယ်နိုင်ရန် အကျိုးငှာ လိုအပ်ပါက မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် သတ်မှတ် လေယာဉ်စရိတ်ကို မြန်မာသံရုံး၊ ဂျီနီဗာမြို့သို့ ပေးသွင်းထားသည့် အထောက်အထား ဖြင့် လျှောက်ထားရန်။ (ငွေပေးသွင်းသည့်ရက်မှ (၃) နှစ် ပြည့်မြောက်သည့်အချိန်တွင် အဆိုပါ လေယာဉ်စရိတ်အား ပြန်လည်ထုတ်ယူနိုင်ပါသည်။)

၂။       သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း (၂) နှစ်နှင့်အထက် ပြတ်တောက်နေသူများ သက်တမ်းတိုး လျှောက်ထားမည်ဆိုပါက သက်တမ်းပြတ်ဒဏ်ကြေး CHF 15/- (ဆွစ်ဖရန့် တစ်ဆယ့်ငါးတိတိ) ပေးဆောင်ရမည် ဖြစ်ပါသည်။ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း (၅) နှစ်နှင့်အထက် ပြတ်တောက်ပါက မြန်မာသံရုံးအနေဖြင့် တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ကို ထုတ်ပေးမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်းကို မြန်မာနိုင်ငံသို့ ပြန်လည် သွားရောက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၃။      ဆွစ်ဇာလန်နိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား များအနေဖြင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိမေးမြန်းလိုသည်များ ရှိ၍ ဖြစ်စေ၊ အခြားသော အကြောင်းကြောင်းကြောင့် ဖြစ်စေ ဆက်သွယ်လိုပါက မြန်မာသံရုံး၊ ဂျီနီဗာမြို့၏ ဖုန်းနံပါတ် (+41-22) 906-9870/ 906-9871 နှင့် ကောင်စစ်ရေးရာဌာန၏ အီးမေးဖြစ်သော cg.consular@myanmargeneva.org တို့ထံသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေး ကြေညာအပ် ပါသည်။

မြန်မာသံရုံး၊ ဂျီနီဗာမြို့

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ    ၁၂    ရက်