၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့၏(၃၅၈)ကြိမ်မြောက်အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံကိစ္စကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် အစည်းအဝေးအစီအစဉ် INS-17၊ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အုပ်ချုပ်မှုအဖွဲ့မှအကြံပြုသည့် ILO ဖွဲ့စည်းပုံပုဒ်မ ၃၃ အောက်မှ အစီအမံများဆိုင်ရာ ဆုံးဖြတ်ချက်၏နောက်ဆက်တွဲ ခေါင်းစဉ်အောက်တွင် ဆွေးနွေးခဲ့သည်။ ILO ညွှန်ကြားရေးမှူးချုပ်က စာရွက်စာတမ်းအမှတ်၊ GB 358/INS/17(Rev.1) ဖြင့် အစီရင်ခံစာ တစ်စောင်တင်သွင်းခဲ့သည်။ အဓိကအကြောင်းအရာဖြစ်သည့် အဓမ္မစေခိုင်းမှုပပျောက်ရေး ဆိုင်ရာကွန်ဗင်းရှင်း၊ ၁၉၃၀ (အမှတ်၊၂၉) နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နှင့် ဖွဲ့စည်းခွင့် ကို ကာကွယ်ရေးဆိုင်ရာကွန်ဗင်းရှင်း၊ ၁၉၄၈ (အမှတ်၊၈၇)နှင့် သက်ဆိုင်သည့်ကိစ္စများမှာ မြေပြင်တွင် ကြီးမားသည့် ပြဿနာမရှိသည့် အရှိတရားကြောင့် အာရုံစူးစိုက်မှုနည်းပါးလျက် ရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာစွပ်စွဲချက်များကို မတန်တဆ ဖော်ပြထားသည့်အပေါ် မြန်မာနိုင်ငံက များစွာစိုးရိမ်ကြောင်း ဖော်ပြအပ်သည်။
မြန်မာနိုင်ငံတွင် အဆိုပါကွန်ဗင်းရှင်းနှစ်ရပ်ပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ရန် ဥပဒေမူဘောင်များနှင့် အာဏာသက်ရောက်စေသည့် ယန္တရားများရှိပြီးဖြစ်သည်။ တိုင်ကြား ချက်များကို ထိရောက်စွာဖြေရှင်းရန် အဓမ္မစေခိုင်းမှုပပျောက်ရေးဆိုင်ရာ အမျိုးသားတိုင်ကြားမှု ယန္တရားကိုထူထောင်ပြီးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ILO မှ ပေးပို့ခဲ့သည့် တိုင်ကြားချက် ၃၇၅ မှု အနက် ၁၅၂ မှုမှာ အချက် အလက်ပြည့်စုံပြီး ၈၄ မှု ကို အပြည့်အဝဖြေရှင်းပြီးဖြစ်ကာ ကျန်အမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အထောက်အထားမပြည့်စုံသည့် ၂၃၃ မှုအတွက် ရန်ကုန်မြို့ရှိ ILO ဆက်ဆံရေးအရာရှိရုံးကို ထပ်မံစိစစ်ပေးရန်အကြောင်းကြားထား သော်လည်း လက်ရှိအချိန်အထိ ပြန်ကြားချက်မရရှိပါ။ အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့်စပ်လျဉ်း၍ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် အထိ အလုပ်သမားအဖွဲ့ အစည်း ၃၁၁၆ ဖွဲ့နှင့် အလုပ်ရှင် အဖွဲ့အစည်း ၂၉ ဖွဲ့၊ စုစုပေါင်း ၃၁၄၅ ဖွဲ့ ဖွဲ့စည်းပြီးဖြစ်သည်။
ကွန်ဗင်းရှင်းအမှတ် ၂၉ နှင့် ၈၇ တို့ကို ကျင့်သုံးမှုနှင့်စပ်လျဉ်း၍ ILO ရုံး၏ အကဲဖြတ် သုံးသပ်ချက်သည် လုံလောက်တိကျခိုင်လုံပြီး အတည်ပြုစစ်ဆေးနိုင်သည့် ဖြစ်ရပ်မှန်အချက် အလက်များအပေါ် အခြေခံထားခြင်းမရှိကြောင်း မြန်မာနိုင်ငံက အလေးအနက်အလေးထား ဖော်ပြအပ်သည်။ အချက်အလက်များနှင့် သက်သေအထောက်အထားမရှိသော အရင်းအမြစ် အမျိုးမျိုးမှရရှိသည့် အစီရင်ခံစာများနှင့် သတင်းအချက်အလက်များကို ယေဘုယျကိုးကား ဖော်ပြရုံမျှဖြင့် အဆိုပါ ကွန်ဗင်းရှင်းနှစ်ရပ်ကို ကျင့်သုံးမှုအပေါ် အကဲဖြတ်ရန် မဖြစ်နိုင်ပါ။
ILO သည် မြန်မာနိုင်ငံအစိုးရနှင့် ထိတွေ့ဆက်ဆံမှု မရှိသည့်အပြင် လက်ရှိသက်ဝင် နေသော သဘောတူညီချက်လည်း မရှိသော်လည်း မြန်မာနိုင်ငံအစိုးရသည် ILO ဆက်ဆံရေးရုံး အား နိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားသည်။ ယင်းမှာ သက်ဆိုင်ရာနိုင်ငံ၏ သဘော တူညီချက်ဖြင့်ဖြစ်စေ၊ မေတ္တာရပ်ခံချက်အရဖြစ်စေ အကူအညီပေးအပ်ရသော ကုလသမဂ္ဂ၏ ကာလရှည်ကြာစွာ လက်ခံကျင့်သုံးလာသည့် အခြေခံမူနှင့် တိုက်ရိုက်ဆန့်ကျင်သည်။ မြန်မာ နိုင်ငံတွင် ILO ၏ လုပ်ငန်းများသည် ကွန်ဗင်းရှင်းအမှတ် ၂၉ နှင့် ၈၇ တို့ကို အကောင်အထည် ဖော်ရေးနှင့် သက်ဆိုင်မှုမရှိသည့်အပြင် အထောက်အကူလည်းမဖြစ်ကြောင်း မြန်မာနိုင်ငံက အလေးအနက် အလေးထားဖော်ပြသည်။
အဆိုပြုစောင့်ကြည့်ရေးယန္တရား၏ လုပ်ပိုင်ခွင့်အာဏာသည် ကွန်ဗင်းရှင်း အမှတ် ၂၉ နှင့် ၈၇ တို့၏ နယ်ပယ်ကိုကျော်လွန်၍ ပိုမိုကျယ်ပြန့်သော လူ့အခွင့်အရေးနှင့် အရပ်ဘက် လွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စရပ်များအထိ ချဲ့ထွင်ထားသဖြင့် လက်ခံနိုင်ဖွယ် မရှိဟု မြန်မာနိုင်ငံက မှတ်ယူသည်။ ထို့ပြင် အဆိုပါယန္တရား၏ အုပ်ချုပ်မှုစနစ်၊ ရန်ပုံငွေ၊ တာဝန်ခံမှုတို့နှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် သတင်းအချက်အလက်များနှင့် စွပ်စွဲချက်များကို လွတ်လပ်၍ ဘက်မလိုက်သောနည်းလမ်းဖြင့် အတည်ပြုစစ်ဆေးနိုင်ရန် လုံလောက်သည့် အကာအကွယ် အစီအမံများလည်းမရှိပေ။ အလုပ်သမားအဖွဲ့အစည်းများ၏ အသင်းဝင်မှုအနေအထားနှင့် ကိုယ်စားပြုနိုင်မှုတို့ကို အတည်ပြုစစ်ဆေးရန် အခက်အခဲများကလည်း အဆိုပါအားနည်းချက် များကို ပိုမိုဆိုးရွားစေသည်။ ထို့ပြင် ယင်းယန္တရားသည် လူ့အခွင့်အရေးဆိုင်ရာ ယန္တရားများတွင် တွေ့ကြုံရသည့် နိုင်ငံရေးအရ အသုံးချခံရမှုနှင့် အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှု မရှိခြင်းတို့ကို ထပ်မံဖြစ်ပေါ်စေနိုင်သည့်အပြင် မြန်မာနိုင်ငံရှိ ILO ဆက်ဆံရေးရုံးမှတစ်ဆင့် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်သည့် ရှိရင်းစွဲလမ်းကြောင်းများကိုလည်း လျစ်လျူရှုရာ ရောက်သည်။ ထို့ကြောင့် အဆိုပြုယန္တရားတည်ထောင်ရေးကို မြန်မာနိုင်ငံက ဆန့်ကျင်ကြောင်း ထပ်လောင်း အတည်ပြုသည်။
၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry) ကို တဖက်သတ်ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်တွင် နိုင်ငံရေးသွတ်သွင်းထားသည့် ပုဒ်မ ၃၃ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးမှု များကို အုပ်ချုပ်မှုအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံတို့၏ အစည်းအဝေးများ တွင် ဆက်တိုက်ထည့်သွင်းဆွေးနွေးလာခဲ့သည်။ ယင်းလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ILO ၏ သုံးပွင့်ဆိုင်သဘောသဘာဝနှင့် ဆန့်ကျင်လျက်လည်းကောင်း၊ တိုင်ကြားချက်များနှင့် စပ်လျဉ်း၍ အုပ်ချုပ်မှုအဖွဲ့၏ လုပ်ငန်းစဉ်များတွင် အစိုးရကိုယ်စားလှယ် ပါဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်ကို မျက်ကွယ်ပြုလျက် လည်းကောင်း မြန်မာနိုင်ငံအစိုးရ၏ ပါဝင်တက်ရောက်ခွင့် အစဉ်တစိုက် ငြင်းပယ်ခဲ့သည်။
မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန်နှင့် သင့်လျော်သည့်အစီအမံများ ပြုလုပ်ရန် အဖွဲ့ဝင်များအား ဖိတ်ခေါ်သည့် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂစနစ် အတွင်း ထိုသို့သော အစီအမံများကို အကြံပြု သို့မဟုတ် ဆုံးဖြတ်ချမှတ်နိုင်သည့် အဖွဲ့အစည်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီသာ ဖြစ်ကြောင်း မြန်မာနိုင်ငံက ထပ်လောင်းဖော်ပြသည်။ ၂၀၀၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၏ ၈၈ ကြိမ်မြောက် အစည်းအဝေး၌ ပုဒ်မ ၃၃ ဆုံးဖြတ်ချက်အဆိုကို ချမှတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံအချို့၏စီးပွားရေးပိတ်ဆို့အရေးယူမှုများကိုဆယ်စုနှစ်တစ်ခုကျော်ကြာ ကြုံတွေ့ခဲ့ရသည်။ အဆိုပါဆုံးဖြတ်ချက်အဆိုကို နိုင်ငံရေးရည်မှန်းချက်များရရှိရန် အသုံးချခဲ့ပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပြန်လည်ရုပ်သိမ်းခြင်း၊ စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ အခြေခံလူတန်းစား အလုပ်သမားများအပေါ် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။ သို့ဖြစ်၍ နိုင်ငံတကာအသိုက်အဝန်း၏ ဆောင်ရွက်ချက်များသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံရှိ အလုပ်သမား သန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေးဆိုင်ရာ သာယာဝပြောမှုတို့ကို ထိခိုက်စေခြင်း၊ သို့မဟုတ် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုများ ရရှိနိုင်သည့် အခွင့်အလမ်းများကို ဆုံးရှုံးစေခြင်း မဖြစ်ပေါ်စေရန် မြန်မာနိုင်ငံကတောင်းဆိုသည်။
ILO ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ကွန်ဗင်းရှင်းအမှတ် ၂၉ နှင့် ၈၇ တို့ကို အကောင်အထည်ဖော်ရန် အစိုးရက ဆောင်ရွက်ခဲ့သည့် အစီအမံများနှင့် သက်ဆိုင်ရာ အချက်အလက်များကို ILO ထံ ပေးပို့ခဲ့သည်။ သို့ရာတွင် အုပ်ချုပ်မှုအဖွဲ့သည် အစိုးရအတိုက်အခံ အရင်းအမြစ်များမှ စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များ အပေါ် အခြေခံ၍ မြန်မာနိုင်ငံအပေါ် မျှတမှုမရှိစွာရပ်တည်သည့်အတွက် များစွာစိတ်မကောင်း ဖြစ်ရသည်။ ILO ညွှန်ကြားရေးမှူးချုပ်၏ အစီရင်ခံစာနှင့် စာရွက်စာတမ်းအမှတ် GB.358/INS/17(Rev.1)/Decision ပါ ဆုံးဖြတ်ချက်တွင် ပါဝင်သည့် မမှန်ကန်သော သတင်း အချက်အလက်များ၊ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ဆီလျော်မှုမရှိသော အချက်များနှင့် လွန်ကဲသောတောင်းဆိုချက်များကိုမြန်မာနိုင်ငံကပယ်ချသည်။အပြုသဘောပါဝင်ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်ကိုချမှတ်ရာ၌ ပါဝင်ပတ်သက်ခြင်းမရှိကြောင်းရပ်တည်ခဲ့သည့် ကိုယ်စားလှယ် အဖွဲ့များအား မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်သည်။
ကုလသမဂ္ဂရုံးနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး
ဂျီနီဗာမြို့