72nd Anniversary of Independence Day reception holds

မြန်မာအဖွဲ့ရုံးနှင့် မြန်မာသံရုံး၊ ဂျီနီဗာမြို့မှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပခဲ့ခြင်း

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ ဒေသစံတော်ချိန် (၁၈:၃၀) နာရီမှ (၂၀:၀၀) နာရီအထိ ဂျီနီဗာမြို့၊ WIPO အဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံတော်သီချင်းအားဖွင့်လှစ်ပြီးနောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။ အဆိုပါ မိန့်ခွန်းတွင် အဓိကအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စ ရပ်များကို ထည့်သွင်းပြောကြားခဲ့ပါသည်။
လွတ်လပ်ရေးနေ့ဧည့်ခံပွဲသို့ WIPO ညွှန်ကြားရေးမှူးချုပ်အပါအဝင် ဂျီနီဗာမြို့ ရုံးစိုက်သော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအသီးသီးမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးများ၊ လက်နက်ဖျက်သိမ်းရေးဆိုင်ရာအဖွဲ့ရုံးများ၊ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များ၊ ဒုတိယအမြဲတမ်းကိုယ်စားလှယ်များ၊ သံတမန်များ၊ ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံသားဟောင်းများနှင့် ပညာတော်သင် ကျောင်းသား/သူများစသည့် ဖိတ်ကြားထားသည့် ဧည့်သည် စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် ဧည့်သည်များအား အနောက်တိုင်းအစားအစာများအပြင် မြန်မာအစားအစာများ ဖြစ်သည့် မြန်မာထမင်းနှင့်အတူ ကြက်သား၊ ပုစွန်နှင့် အမဲသားဟင်းလျာများ၊ ပဲကြာဇံသုပ်၊ အစိမ်း ကြော်၊ အုန်းနို့ခေါက်ဆွဲ၊ သရက်သီးကျောက်ကျောနှင့် သာကူပြင်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
အခမ်းအနားတစ်လျှောက် မြန်မာ့ရိုးရာ တီးလုံးနောက်ခံ ဖွင့်လှစ်ထားရှိကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေရာများနှင့် မြန်မာ့ယဉ်ကျေးမှုအလှများကို ပိုစတာများဖြင့်လည်းကောင်း၊ တီဗီဖန်သားပြင်တွင်လည်းကောင်း ပြသခဲ့ပြီး၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းများလည်း ခင်းကျင်းပြသခဲ့ပါသည်။ ထို့ပြင် တက်ရောက်လာ သည့် ဧည့်သည်တော်များအား ချင်းပြည်နယ်ထွက်ကော်ဖီထုပ်နှင့် ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင် စားဖွယ်နေရာများပါဝင်သည့် လက်ကမ်းစာစောင်များကို လက်ဆောင်အဖြစ်ပေးခဲ့ပါသည်။

မြန်မာအဖွဲ့ရုံးနှင့် မြန်မာသံရုံး ဂျီနီဗာမြို့
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်